မြင်းခြံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မြင်းခြံ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေက ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု (၃၄) အုပ်စုမှ အုပ်ချုပ်ရေးမှူး များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ပြီး ပြည်သူများကိုယ်စား အမှတ်(၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။

"ကျွန်တော် ပန်းခင်းစီမံချက် လျာထားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးရမည့် ဦးရေမှာ (၁၆၂၄၅) ဦးရှိပါတယ်။ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့က စတင်ပြီး ရပ်ကွက်/ကျေးရွာများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အတိုင်း ပန်းခင်း စီမံချက်ဖြင့် လူဦးရေ (၁၆၂၄၅) ဦးကို ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြီးစီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၁၆၂၄၅) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင် သည့် အပြင် အိမ်ထောင်စု လူဦးရေစာရင်း (၈၈) စုကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း" မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီး အရာရှိ ဦးစောလှမောင်က ပြောသည်။

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အပြီးတွင် တက်ရောက်လာသူများမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုမှတ် တမ်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။                                                                        

ကျော်စွာ(မြင်းခြံ)