ပြည် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းကစတင်ကျင်းပလျက်ရာ တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုမှု ၉၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။
အဆိုပါ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲတွင် KG တန်းမှ Grade-11 အတန်းအထိ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိစုစုပေါင်း ၁၉၇၆၉ ဦး အနက် ၁၈၁၅၀ ဦး ဝင်ရောက်ဖြေဆို၍ စုစုပေါင်းဖြေဆိုသူ ၉၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စာမေးပွဲများကို မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ၏ အေးချမ်းတည်ငြိမ်ပျော်ရွှင်စွာ ဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးလျက် ရှိကြောင်း သိရသည်။
ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ များကျင်းပရာတွင် မူလတန်းအဆင့် သင်ရိုးသစ် Grade-4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းပြီးမြောက်မှု စာမေးပွဲ (Grade-9) နှင့် အထက်တန်း အဆင့် စာမေးပွဲများကို မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ တစ်ရက်တစ်ဘာသာနှုန်းဖြင့် လည်းကောင်းကျင်းပလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)