သဲကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club နှင့်"နှလုံးသားယဉ်ကျေးမှု စာစုများ" စာဖတ်ဝိုင်းဆောင်ရွက်

သဲကုန်း မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများနှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသော "နှလုံးသားယဉ်ကျေးမှု စာစုများ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကိုယနေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်  လူငယ်များနှင့် ပြည်သူများ အသိအမြင် ဗဟုသုတများဖလှယ် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသော "နှလုံးသားယဉ် ကျေးမှုစာစုများ" စာအုပ်ကိုစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးသန်းစိုး(ပညာရေးငြိမ်း)မှ ကမ္ဘာပေါ်က အတော်ဆုံးလူ၊ဦးသိန်းအောင် (သန်းငဘ)မှမိသားစုထမင်းဝိုင်း၊ ဒေါ်မြင့်ကြည်(မြတ်စုဝေ)မှ အခွင့် အလမ်း၊ ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်-သဲကုန်း)မှပညာရှိအဘိုးအို ဆောင်းပါးများကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

စာ​ပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို သဲကုန်း မြို့နယ် (Book Club)အဖွဲ့ဝင်စာရေးဆရာများ၊ စာငှားပရိသတ်များ တက် ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကိုလစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဝင့်နန္ဒာဌေး