ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ဘုတလင်     မတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်းက လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ လ္ဘက်ရည်ဆိုင်များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာဖြေဌာန အခြေခံပညာ အထက်တန်း ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေး ဝန်ထမ်း များက  အဖွဲ့ငယ်များခွဲ၍ COVID-19 ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ရောဂါ ကူးစက် နိုင်သည့် အခြေအနေများ၊ ရောဂါကာကွယ်ရန် နည်းလမ်းများ၊ သံသယလူနာများနှင့် ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများရှိပါက သတင်းပို့ကြရန်၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက် များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြော ခဲ့သည်။

ထို့နောက် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ က COVID-19 ရောဂါ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ဗီနိုင်းပိုစတာများ ချိတ်ဆွဲကာ အသိ ပညာပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ရာသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်နှင့် ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)