ဝေါမြို့တွင် မုန်တိုင်း သတိပေးချက်များကို ပြည်သူများသိရှိစေရန် အသိပေး နှိုးဆော်

ဝေါ မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နေပြည်သူများ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးထုတ်ပြန် ချက်အား အချိန်နှင့်တပြေးညီသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူပေါင်းကာ ယမန်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် မီးသတ်ယာဉ်ကို အသုံးပြု၍ အသံချဲစက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ယမန်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန် တိုင်းထွာချက်အရ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ ရွေ့လျားမှုနှင့် လက်ရှိအခြေအနေများ၊ အားကောင်းသောမုန်တိုင်း၏ အဝိုင်းအဝန်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသဖြင့် အားကောင်းသော မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ အညိုရောင်အဆင့် သတ်မှတ်ကြောင်း၊ နောက် (၂၄) နာရီ အတွင်း ခန့်မှန်းချက်မှာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလာပြီး၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီးသို့ ရောက်မည်ဟု ခန့်မှန်းချက်များ၊ မုန်တိုင်းအရှိန်ကြောင့်  မတ်လ (၂၂) ရက်နေ့ မွန်းလွဲပိုင်းမှ မတ်လ (၂၃) ရက်နေ့အထိ ရေပြင်/ မြေပြင်လေ၏ အခြေအနေများနှင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးနိုင်ပြီး၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့်  မုန်တိုင်းရုတ်တရက် ကျရောက်ပါက ရပ်ကွက်/ ကျေးရွာများရှိ ဆိုင်ကလုန်း (shulter)သို့ သွားရောက်နေထိုင်ခြင်း၊ မိမိတို့၏ ကောက်ပဲသီးနှံများအား ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ပြင်ဆင်ရွေ့ပြောင်း ထားရှိရန်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)