မြဝတီ မတ် ၂၇
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၃၉၀ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများ က ကြိုဆိုအား ပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ နေရပ် ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက် အသွားအလာ ရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ် သည်။
အခြားသက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်များအား သီးသန့် မော်တော် ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ယနေ့ပြန်လည် ဝင်ရောက် လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၂၄၈ ဦး၊ အမျိုးသမီး ၁၄၂ ဦး စုစုပေါင်း ၃၉၀ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်