ပြည်မြို့နယ်ရှိ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ကြည်ညိုပူဇော်

ပြည်  မတ် ၂၇

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မြို့ စာဖြေဌာနမှ၂၀၂၁၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲ၊ နိကယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဓိမဂ်စာ​မေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူ ကြ သည့် ပြည်မြို့ပေါ်ရှိ စာအောင်သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်များအား ချီးကျူးဂုဏ်ပြု ပူဇော် သည့် (နဝမအကြိမ်မြောက်)စူဠဘွဲနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်မြို့ ဝင်္ကဘာ တောရကျောင်းတိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုပူဇော်သည်။

အခမ်းအနားကိုရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပွင့်လှစ်ပြီး ဂိုဏ်းပေါင်း စုံစူဠဘွဲ့နှင်းသဘင်ဖြစ်မြောက်ရေးအဖွဲ့အတွင်းရေးမှူးဆရာတော်ပြည်မြို့ဝင်္ဂဘာတောရစာသင်တိုက်ဦးစီးပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြ သည်။

ထို့နောက်ဂိုဏ်းပေါင်းစုံ စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ပြည်မြို့ ဇောတိကာရုံပါဠိတကသိုလ်ကျောင်း၊ တိုက်ကြပ်နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ ကအဖွင့်သြဝါဒကထာမြွတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကသာသနာရေး ဆိုင်ရာများလျှောက်ထားသည်။

ဆက်လက်၍ စူဠဘွဲနှင်းသဘင်အခမ်းအနားအတွက် အလူတော်ငွေများပေးအပ်လူဒါန်းခြင်း အစီအစဉ်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူတော်ငွေသိန်း(၅၀)ကျပ်၊ ဒေသကွပ် ကဲမှု့စစ်ဌာနချုပ်(ပြည်)မှအလှူတော်ငွေ (၁၀)သိန်းကျပ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှ အလှူတော်ငွေ(၁၀)သိန်းကျပ်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က ပေးအပ်လှူဒါန်းသည်။

ထို့နောက်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အကြည်ညိုခံဆရာတော်ကြီးများထံ လှူဖွယ်ဝထ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဒေသကွက် ကဲရေးမှူး(ပြည်)တို့က ဓမ္မစရိယစာအောင်သံဃာတော်များနှင့်သီလရှင်များထံ အောင်လက်မှတ်နှင့်ဆုဝထ္ထုငွေများပေးအပ်လူဒါန်းရာဝင်္ဂဘာတောရစာသင်တိုက်ဦးစီးပဒါနနာယကဆရာတော်အရှင်သူမြတ်က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ယင်းနောက် ဆရာတော်ကြီးများအမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပထမပိုင်းအစီအစဉ်ပြီးမြောက်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် နိကာယ်စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ (ပထမကြီး တန်း၊ပထမလက်တန်း၊ပထမငယ်တန်း)နှင့် အခြေပြု မူလတန်းစာ​မေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူကြသည့် ရဟန်း/သာမဏေ/သီလရှင်များ၊ အဘိဓမ္မာနှင့်ဝိသုဒိမဂ်စာမေးပွဲ အောင်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများကအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုတော်ငွေများ အသီးသီး ပေးအပ်ချီးမြင့်ကာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)