ပုလဲ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း မြကုန်း-သေတ္တရာကျေးရွာ ချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် နွယ်ရှောက်-ပန်းရွာကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ကျော်ဖြင့် ရနောင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိဦးအောင်မြင့်ထွန်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၁) ဒေါ်နန်းခိုင်သဉ္ဇာတို့က ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၁) ဒေါ်နန်းခိုင်သဉ္ဇာတို့က “မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် မြကုန်း-သေတ္တရာကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် နွယ်ရှောက်- ပန်းရွာ ကျေးရွာ ချင်းဆက်ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို ရနောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်လုပ်ငန်းအရည်အသွေး စိစစ်ရေးကော်မတီမှာပါဝင်တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းအရည်အသွေးပြည့်မီမှုရှိအောင် ဆောင်ရွက်ပေးရန်၊ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် လမ်းပိုင်းကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ပေးရန်တို့ကိုရနောင်ကုမ္ပဏီတာဝန်ခံ ဦးမင်းမင်းအားမှာကြားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ မြကုန်း-သေတ္တရာကျေးရွာ ချင်းဆက်လမ်းသည် အရှည် ၁/၆ မိုင်၊ အကျယ် ၂၀ပေ၊ ထု ၆ လက်မ ရှိသည့် ကျောက်လမ်းအမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၁ ဒသမ ၉၈ သန်းဖြင့်လည်းကောင်း၊ နွယ်ရှောက် -ပန်းရွာကျေးရွာချင်းဆက်လမ်းသည် အရှည် ၁/၅ မိုင် ၊ အကျယ် ၂၂ ပေ၊ ထု ၁၀ လက်မရှိသည့် ကျောက်လမ်းအမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၁၇ ဒသမ ၃သန်းဖြင့် လည်းကောင်း ရနောင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြိုနယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)