ရန်ကုန် မတ် ၁၆
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြစ်အတွင်း နှင်းများထူထပ်စွာကျရောက်ပြီး မြင်ကွင်း မရှင်းလင်းပါက ထွက်ခွာခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွာမည်ဆိုပါက သတ်မှတ် လူဦးရေထက် လျော့နည်း တင်ဆောင်၍ ထွက်ခွာစေရန်၊ စီးနင်းလိုက်ပါမည့် ခရီးသည်များအားလုံး အသက်ကယ် အင်္ကျီများ ဝတ်ဆင်၍ စီးနင်းလိုက်ပါစေရန်၊ တံတား တည်ဆောက်ရေး စီမံကိန်း ဧရိယာ အတွင်းသို့ စက်တပ်သမ္ဗန်များ ဝင်ရောက် ပြေးဆွဲခြင်း မပြုလုပ်ဖို့ မြို့နယ် စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့နှင့် ကူးတို့သမဝါယမအသင်းလိမိတက် အသင်းတို့အား အထူးအလေး ထားကြပ် မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်းသိရသည်။
မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှုကော်မတီ၏ မတ်လ(၄)ရက်နေ့ အစည်းအဝေး၌ ဆီးနှင်းများ ထူထပ်စွာ ကျရောက်၍ မြင်ကွင်းမရှင်းပါက ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ဆိပ်အားလုံးရှိ ရေယာဉ်များ ထွက်ခွာခြင်း မပြုကြရန်နှင့် (၁၀)တန်း စာမေးပွဲ ဖြေဆိုနေစဉ် ဆီးနှင်းများ ကျရောက်တတ်သောကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားရောက် ဖြေဆိုကြ မည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ အနေဖြင့် မိမိတို့အစီအစဉ်ဖြင့် ကြိုတင် စီစဉ်ဆောင်ရွက်ထားကြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ရေယာဉ်မောင်းနှင်းသူများ စည်းကမ်း မလိုက်နာပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်တပ် သမ္ဗန်ကူးတို့ဆိပ် အားလုံး ရှိ ရေယာဉ် ဥက္ကဋ္ဌများအနေဖြင့် မိမိတို့ကူးတို့ဆိပ်တို့အား အလေးထား ကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။
ဒလမြို့နယ် ဘက်ကမ်းရှိ သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ဒလသင်္ဘောဆိပ်၊ ဗိုလ်ရန်ပြေ၊ ကမာ ကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင် ၊ ကျောင်းစုနှင့် ကျောင်းစု(ခွဲ) လက်ခပ်မှ စက်တပ် ကူးတို့ဆိပ်တို့မှ ရန်ကုန်မြို့ ဘက်ကမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂)၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ် တို့သို့ စက်တပ် သမ္ဗန်များဖြင့် အစိုးရဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို နေ့စဉ် ကူးတို့ပို့ဆောင်ပေးလျက်ရှိသည်။
ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဂိတ်(၆)ဂိတ်ရှိရာ ကမာအောင်ကြီးကြပ်ရေးဂိတ် ၌ အစီးရေ(၁၈၀)၊ ရေကန်ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ တံလျှပ်ကြီးကြပ်ရေးဂိတ်၌ ၄၆ စီး၊ ဆာပါချောင် စက်တပ်ရေယာဉ် ကြီးကြပ်ရေးဂိတ်၌ ၄၁ စီး၊ ကျောင်းစု စက်တပ် ရေယာဉ် ကြီးကြပ်ရေးဂိတ်၌ ၂၂ စီး၊ ကျောင်းစု(ခွဲ) လက်ခပ်မှ စက်တပ် ကူးတို့ဆိပ်၌ ၂၀ စီး၊ သမဝါယမ အသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် (၅)ဆိပ် ဖြစ်သည့် သမ္မတကမ်းခြေ ကူးတို့ဆိပ်၌ ၃၄ စီး၊ ကမာကသွယ် ကူးတို့ဆိပ်၌ ၃၀ စီး၊ စက်မြေ ကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ် ကူးတို့ဆိပ်၌ ၄၁ စီး၊ မှော်စက် ကူးတို့ဆိပ်၌ ၃၅ စီး စုစုပေါင်း(၅၀၄)စီးရှိကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)