အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး

ဘားအံ ဧပြီ ၁

 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) နှင့် ရိုးရာဂျပ်ခုတ် သင်တန်းအမှတ်စဉ်(၁၈) သင်တန်းများဆင်းပွဲကို ယမန်နေ့  နံနက် ၉ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်း ကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီး ချုပ်က အဆင့်မြင့်စက်ချုပ် သင်တန်းထူးချွန်ဆုရရှိသူနှင့် ရိုးရာဂျပ်ခုတ်သင်တန်း ထူးချွန်ဆုရရှိသူ တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ကာ သင်တန်းဆင်းသင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။

ယနေ့ သင်တန်းဆင်းပွဲတွင် အဆင့်မြင့်စက်ချုပ်သင်တန်း၌ သင်တန်းသူ ၄၅ ဦး၊ ရိုးရာဂျပ်ခုတ် သင်တန်းတွင် သင်တန်းသူ ၅ ဦး စုစုပေါင်း ၅၀ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်၍ ၎င်းတို့ကိုယ်တိုင် ချုပ်လုပ်ဂျပ်ခုတ်ထားသော သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မြိုင်ကြီးငူ အမျိုး သမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၌ သင်တန်းသူ ၄၀ ဦးနှင့် မြဝတီအမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ သင်တန်းသူ ၄၀ ဦးတို့သည်လည်း အလားတူသင်တန်းများဆင်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)