ပင်လည်ဘူး မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်းနှင့် ပတ်သက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်မှ ရောဂါကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန်ဆောင်ရန်များ၊ ကျန်းမာရေးနှင့်ပတ်သက်၍ ရောဂါသံသယရှိပါ က ကျန်းမာရေးစစ်ဆေးမှုကို အမြန်ဆုံးပြုလုပ်ဆောင်ရွက်ရန်၊ ကောလဟလသတင်းအမှားများကိုလည်း မယုံကြည်ကြရန်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များကိုလိုက်နာ ဆောင်ရွက် သတိပြုနေထိုင်သွားကြရန် ပညာပေးဟောပြောခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)