ရွှေကျင် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် အ-ထ-က(ရွှေကျင်) အလယ်တန်းပြဆရာမ ဒေါ်ခင်ဆွေဦးက "စိတ်ဓါတ်ကောင်းမွန်ရေးနှင့် စည်ကမ်းလိုက်နာရေး" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာ သင်ယူမှုအပြင် ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်စေလိုကြောင်း၊ စာပေဗဟုသုတတို့မှ လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများ စွာရှိကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေချင်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က "အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက္မြက်ရေး" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များအတွက်ပညာရေးသည် အဓိကဖြစ်ကြောင်း ငယ်စဉ်မှစ၍ ပညာကြိုးစားသင်ယူစေလိုကြောင်း၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး ကောင်းမွန်စေရေး နှင့် မိမိတိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှနည်း စနစ်မှူး ဒေါ်သီသီဆိုင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူး လေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက် (၄) ချက်တို့ကို ရှင်းလင်း ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)