ဘားအံ ဧပြီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် စတုတ္ထအကြိမ် နွေရာသီအခြေခံပန်းချီသင်တန်းအခမဲ့ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူးဦးမောင်မောင်က လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာ စီးပွားရှာ၊ တတိယအရွယ်မှာ တရားရှာဆိုတဲ့ လောကနီတိ တရားနှင့်အညီ ပထမအရွယ်မှာ အသိပညာ၊ အတတ်ပညာများကို ဆည်းပူးလေ့လာရမှာ ဖြစ် ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းချီပြိုင်ပွဲတွင် ပန်းချီဆရာဦးထွန်းဝင်း(ပန်းချီ)က ဆုများရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ရေးဆွဲသည့်ပန်းချီကားများ၏သန့်ရှင်းသပ်ရပ်မှု၊ ရေးဆွဲသည့် အခါတွင် ပါဝင်သော အရာဝတ္တုများ၏ အချက်အလက်ပြည့်စုံမှု၊ ရေးဆွဲသည့် အရောင်များ၏ ပြည့်စုံမှု စသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၅) ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲ ဝင်ကျောင်းသား/သူများ၏ ပြိုင်ပွဲဝင်လက်ရာများနှင့် ဆုရပန်းချီကားများကို အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)