ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် "တန်ဖိုးရှိလှ လူငယ်ဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပေါက်ခေါင်း ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော" တန်ဖိုးရှိလှလူငယ်ဘဝ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချစ်နှင်းသုန်က စာပေကိုချစ်မြတ်နိုးသူများ အနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေမြတ်နိုးသူ အချင်းချင်းရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်ဦးမြင့်လွင်က “တန်ဖိုးရှိလှ လူငယ်ဘဝ” စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး၊ တက်ရောက်လာသော အဖွဲ့ဝင်များကလည်း အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟို ဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာ‌ပေချစ်သူများအဖွဲ့တို့ ပူး‌ပေါင်း၍ တစ်လလျှင် တစ်ကြိမ်စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သန်းထွန်းအောင်