တောင်ငူ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများပေးအပ်ခြင်း အခမ်းအနား ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မဟာဓာတ်အား လိုင်း တည်ဆောက်မှုနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းညွှန်ကြားရေးမှူးရုံး (တောင်ပိုင်း) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးမှ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဆိုပါ ဓာတ်အားလိုင်းတည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွားသော စပါးကြွယ်ကျေးရွာ၊ ကြူအင်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဘောင်းကြီးကျေးရွာနှင့် ကြာအင်းကျေးရွာတို့မှ သီးနှံပင် / နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေကျပ် ကိုးဆယ့်တစ်သိန်းခြောက်ထောင်ငါးရာငါးဆယ်ကျပ်အား တောင်သူ (၂၃) ဦးထံပေးအပ်ရာ တောင်သူများက လက်ခံရယူပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
တောင်ငူ ခရိုင် ပြန်/ဆက်