မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး(၃)ထပ်အဆောက်အဦသစ်ဖွင့်လှစ်

ဘားအံ ဧပြီ ၈

ပြည်သူများနှင့်ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် အရောင်းအိမ်ရာ၊ အငှါးအိမ်ရာနှင့် ဝန်ထမ်း အိမ်ရာ များတည်ဆောက်ပြီး လူနေမှုဘဝအဆင်ပြေမြင့်မားလာစေရန်ဆောင်ရွက်ပေးလျက်ရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေး မှူးရုံး (၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက် သစ်ရှိ အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။

ရုံးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးသစ်ကို ထပ်မံတိုးချဲ့လာမည့် ဖွဲ့စည်းပုံအသစ်နှင့်အညီ ဦးစီးဌာန (ရုံးချုပ်)မှ သတ်မှတ်ပေးထားသော သုံးထပ်အဆောက်အဦကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် (၂၆၇၃) သိန်းကျော် အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစီးဌာန အနေဖြင့် ပြည်သူများနှင့်ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး အားသွန် ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် မြို့ပြစီမံကိန်း များကို ရေးဆွဲပြီး စနစ်ကျသည့်မြို့ပြများဖြစ်ထွန်းအောင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရုံးသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးဦးသူရိန်တို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက် လာသူများနှင့်အတူ အမွှေးနံ့သာရည် များ ပက်ဖျန်းပေး၍ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရုံးသစ်အဆောက်အဦအတွင်းရှိ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးပြီး ရုံးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ် ညွှန်ကြားရေးမှူးက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ရုံးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  ပြည်နယ်အတွင်း ဝန်ထမ်း အိမ်ရာ ၁၇၈ လုံး၊ အခန်းပေါင်း ၆၂၀ ခန်း၊ အငှါးအိမ်ရာ ၇၆ လုံး၊ အခန်းပေါင်း ၁၄၂ ခန်း၊ အရောင်း အိမ်ရာ ၃ လုံး၊ အခန်းပေါင်း ၄၈ ခန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၄ ခန်းတွဲ ၄ ထပ် ၄ လုံး၊ အခန်းပေါင်း ၆၄ ခန်းကို တည်ဆောက်ရန် တင်ဒါခေါ်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)