ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျ နော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ထွန်းဝင်းက မြို့နယ်အတွင်း ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး သန်းထိုက်ဦးက မှုခင်းများ လျော့နည်းကျဆင်းစေရေးနှင့် တရာဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)