ထန်းတပင်မြို့ ရေပေါ်သောင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်ဂဝံလမ်းဖောက်လုပ်

ထန်းတပင် မတ် ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုများကို ငွေကြေးကုန်ကျမှုစရိတ်သက်သာစွာဖြင့် စျေးကွက်သို့လျင်မြန်စွာရောက်ရှိနိုင်စေရန်နှင့် ပျက်စီးလွယ်သော သီးနှံများသယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် အတွက် ကျေးလက်ကုန်ထုတ်ဂဝံလမ်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာ တွင် ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ကျေးရွာကုန်ထုတ်ဂဝံလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၂၃.၅၀)ဖြင့် အရှည်(၂၁၇၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၁.၇၈)ဖြင့် အရှည်(၆၀၀၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် နှင်းဝေစိုးမိသားစုကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရခွင့်ပြု ရန်ပုံငွေဖြင့် စောသစ္စာမိသားစုကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအေးနိုင်မှရှင်းပြသည်။

အဆိုပါ လမ်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်မှစတင်ကာ ဆောင်ရွက်လျက်ရှိရာ ယခု ဆိုလျှင် (၅၀)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ကျေးရွာဂဝံကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက တောင်သူများ၏ စိုက်ပျိုးလယ်ယာမြေဧက (၆ဝဝ) ကျော်တို့၏ လယ်ယာထွက်ကုန်သီးနှံများကို ကုန်ကျစရိတ်များ သက်သာစွာဖြင့် သယ်ယူဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)