ပန်းဘဲတန်း စက်တင်ဘာ ၂
ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုလျော့ပါးစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များကို ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးများ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးများထောက်ပံ့ရာတွင် စာရင်းသွင်းခြင်းကို ငွေဗိုက်မိုဘိုင်း Application အား Download ပြီး စာရင်းပေးသွင်းရမည်ဖြစ်ပြီး စာရင်းပေးသွင်းရန်အခက် အခဲရှိသောကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် လူမှု ဝန်ထမ်း ဦးစီးဌာန ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်း ရန်ဖုန်းနံပါတ်များကို ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ကိုယ်ဝန်ဆောင်မိခင်များသိရှိစေရန် လိုက်လံ နှိုးဆော်ကြေညာပေးခြင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
စာရင်းရေးသွင်းသည့်ကာလအား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါနေ့ ရက်မတိုင်မီ စာရင်းရေးသွင်း ကြရန်၊ ထောက်ပံ့ငွေအား စက်တင်ဘာလ(၂၀)ရက်နေ့ နောက်ပိုင်းတွင် ဘဏ်၊ မိုဘိုင်းစနစ်ငွေလွှဲခြင်းများနှင့် ငွေသားတိုက်ရိုက်ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန် ဆောင်မိခင်တစ်ဦးလျင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀/-) နှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အမှတ်(၃) ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်ထံမှ သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)