မကွေး မတ် ၁၅
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းသည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများ၊ မော်တော်ယာဉ် ဂိတ်ပိုင်၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အန္တရာယ်တစ်စုံတစ်ရာ မရရှိစေရေး ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) ကူးစက်ခြင်းမခံရရန် လူတိုင်း ကြိုတင်ကာကွယ်နေကြရပါတယ်၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများမှာ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပြန့်ပွားခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသော ဗိုင်ရပ်စ်ပိုးများအား လက်ဖြင့်ကိုင်တွယ်ထိတွေ့ရာမှ တစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါတယ်၊ ရောဂါပိုးရှိသူများ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသောအရည်၊ အမှုန်အမွားများတွင် ကိုရိုနာရောဂါဗိုင်းရပ်စ်ပိုးတွေပါဝင်ပြီး အနီးအနားရှိလူများကို ပျံ့နှံ့ကူးစက်နိုင်ပါတယ်၊ ဒါ့အပြင် တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ တုပ်ကွေးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါစတဲ့ ရောဂါပိုးတွေဟာလည်း ဒီလိုကူးစက်နိုင်ပါတယ်၊ ဒီကား/လေယာဉ် တွေမှာတော့ ခရီးစဉ်အလိုက် နာရီနှင့်ချီပြီး တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ လိုက်ပါကြရမှာဖြစ်တဲ့အတွက် အန္တရာယ်တစ်စုံတစ်ရာမရရှိစေရေး ယခုပြောကြားမည့် အချက်များကို လိုက်နာကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်ဟု ယာဉ်မထွက်ခွာမီ မော်တော်ယာဉ်မှူးများအနေဖြင့် အသိပေးနှိုးဆော်ပေးနိုင်ရေး မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ဆွေးနွေးပြောကြားသည်။
ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာ နှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးတွင်(၁၄-၃-၂၀၂၀)ရက်နေ့အထိ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသော လူနာ(၈)ဦးရှိခဲ့ပြီး (၇)ဦး၏ ဓာတ်ခွဲဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုးမရှိကြောင်းနှင့် ကျန်တစ်ဦးမှာ ဓာတ်ခွဲအဖြေရရှိရန် စောင့်ဆိုင်းကာ စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)