စုကလိ ဧပြီ ၁၈
မြန်မာ လူမျိုးများ၏ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်။ စုကလိမြို့၊ မုလအိဆံတော်ရှင် စေတီတော်တွင် ဓလေ့ရိုးရာအောင်တံခွန်တိုင် စိုက်ထူပူဇော်ခြင်းအား ယမန်နေ့နံနက် မင်္ဂလာနှစ်သစ် အချိန်ခါဖြစ်သော ၉ နာရီခွဲက မုလအိဆံတော်ရှင် အမျိုးသမီးဘုရား အောင်မြေနေရာ တွင် စိုက်ထူခဲ့ကြသည်။
ရှေးဦးစွာ ကရင်လူငယ်မောင်မယ်များမှ တူညီဝတ်စုံများဖြင့် တံခွန်တိုင်အားကိုင်ဆောင်ပြီး အမျိုးသမီး ဘုရားအား လက်ယာရစ်သုံးကြိမ်တိုင်တိုင် လှည့်ပတ်၍ စေတီတော်အား ပူဇော်ခဲ့ပြီး တံခွန်တိုင်အား အမွှေးနံသာများ ပက်ဖျန်းခြင်း ဓလေ့ထုံးတမ်းစဉ်လာများအား ရွတ်ဖတ်ပူဇော်ဆုတောင်းခြင်းများ ပြုလုပ်ပြီးနောက် သတ်မှတ်ထားသောအောင်မြေနေရာတွင် စိုက်ထူခဲ့ကြကာ အောင်စည် အောင်မောင်းများ တီးခတ်ခဲ့ပြီး အလှူဒါနအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ကရင်လူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ နှစ်စဥ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့တွင် အောင်တံခွန် စိုက်ထူခြင်းဖြင့် တစ်နှစ်တာကာလပတ်လုံး လုပ်ငန်းဆောင်တာများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြံတိုင်းအောင်၍ တောင်ယာစိုက်ပျိုးခြင်းတွင်လည်း အောင်မြင်ဖြစ်ထွန်းသော သီးနှံများ ပေါများစွာ ရရှိခြင်း စသော ယုံကြည်ချက်များ ရည်ရွယ်ချက်များဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ထူကြကြောင်း သိရသည်။
ပိုပိုအောင်(စုကလိပြန်/ဆက်)