ရှမ်းရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရှမ်းရွာသစ်   ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကာလ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာ ပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်(၄) ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများအနေဖြင့် နွေရာသီရောက်ပြီဖြစ်၍ ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ် မကျရောက်စေရန်အတွက် လျှပ်စစ်မီး၊ မီးဖိုမီး ဖယောင်းတိုင်မီးများနှင့် ခြင်ဆေး ခွေများအား ညအိပ်ရာဝင်ချိန်တွင် သတိထား၍ စနစ် တကျမီးငြိမ်းသတ်ရန်၊ နေအိမ်များတွင် မီးသတ်ဆေးဖျန်းဘူးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိ ဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်၊ လောင်စာဆီများနှင့် စက်သုံးဆီများရောင်းချသည့် ဈေးဆိုင်များအနေဖြင့် မီးသတ်ဆေးဖျန်းဘူးများထားရှိရန်၊ မီဘေး အန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ် အကြောင်းကြားကြရန် စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်များရှိ နေအိမ်များနှင့် ဈေးဆိုင်များ အား ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)