လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ အကောင်ထည်ဖော်ဆောင်ရွက်မည့် ဘူးတောင်းကျေးရွာတွင် မီးလင်းရေးလုပ်ငန်း စတင်ဆောင်ရွက်

ထီးလင်း  မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သော ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင်၊ ရွေးချယ်ဖော်ထုတ်ထားသော ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလင်းရေးလုပ်ငန်းကို ရည်ရွယ်လင်းကုမ္ပဏီလီမီတက်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ၉မီတာတိုင်၊ ၄၃ လုံး၊ ၁၀ မီတာတိုင် ၂၅ လုံး၊ ၉၅မီလီမီတာ မီးကြိုးအရှည် ၂၈၂၁၆ ပေ၊ ၃၅ မီလီမီတာ မီးကြိုးအရှည် ၆၈၉၀ ပေ ရှိပြီး၊ လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးငွေ သိန်း (၂၅၀)၊ ကျေးရွာလူထုထည့်ဝင်ငွေ သိန်း (၁၁၀) ကုန်ကျကာ မတ်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး အိမ်ထောင်စု ၂၂၁ အိမ်၊ လူဦးရေ ၁၀၅၀ ဦးအတွက် အကျိုးခံစားခွင့် ရှိမည်ဖြစ်သည်။


ဘူးတောင်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းတွင် စီမံကိန်းပံ့ပိုးငွေ ၁၁၈ သိန်းကျော် ကုန်ကျသော အလျား ၅၄ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၂ ပေရှိ ဘက်စုံသုံးခန်းမဆောင် တစ်ဆောင်၊ ၅၃ သိန်းကျော် ကုန်ကျသော အလျား၂၁ ပေ၊ အနံ၂၀ ပေ၊ အမြင့် ၉ပေရှိ သွပ်မိုးအုတ်ညှပ်ကျေးရွာစာကြည့်တိုက် အဆောက်အဦ တစ်ခု၊ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းနှစ်တွင် စီမံကိန်းပံ့ပိုးငွေ ကျပ် ၂၅၃၆၃၇၅၀ ၊ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ် ၁၇၅၅၀၀၀ကုန်ကျသော အရှည် ၅၂၀၀ပေ၊ အကျယ် ၁၂ပေ၊ အထူ ၉ လက်မရှိ မြေနီကျောက်စရစ် ကျေးရွာချင်းဆက်လမ်းခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ တတိယနှစ်စက်ဝန်းတွင် စီမံကိန်း ပံ့ပိုးငွေ ၂၂,၀၆၀,၅၅၀ ကျပ်ကုန်ကျသော အရှည် ၂၅၄၃ ပေ၊ အကျယ် ၁၅ ပေ၊ အထူ ၉ လက်မရှိ ကျေးရွာအတွင်း မြေနီကျောက်စရစ်လမ်းအား အကောင်အထည်ဖော် ခဲ့ကြောင်းသိရသည်။

လူထုဗဟိုပြုစီမံကိန်းသည် ထီးလင်းမြို့နယ်တွင် စတုတ္ထနှစ်စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၉၃ ရွာတွင်၊ ရွာတွင်းလမ်း ပြုပြင်လုပ်ငန်း (၈)ခု၊ ၁၀ မီတာအောက် ကွန်ကရစ်တံတာနှင့် သစ်သားတံတားတည်ဆောက်ခြင်းလုပ်ငန်း (၄)ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်း (၄)ခု၊ ကျေးရွာရေရရှိရေးလုပ်ငန်း (၈)ခု၊ ကျေးရွာ မီးလင်းရေးလုပ်ငန်း (၅၁)ခု၊ လမ်းဘေး ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း (၁၇)၊ ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၂၄)ခု နှင့် အခြားလုပ်ငန်း (၅)ခု လုပ်ငန်းခွဲစုစုပေါင်း (၁၂၁)ခုအား ကျေးရွာလူထုကိုယ်တိုင် ဦးစားပေးရွေးချယ်ထားပြီးအ​ကောင်အထည်​ဖော်​ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)