ပုလဲ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-2019) မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေး နှိုးဆော်ချက် များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောက်လန့်စေရန် မမှန်သတင်း ဖြန့်ဝေနေသည့် ကောလဟလများကို မယုံကြည်ကြရန်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က နွေရာသီတွင် သောက်သုံးရေပြတ် လပ်မှု ဖြစ်ပေါ်လာသော ရပ်ကွက်နှင့်ကျေးရွာများက အကူအညီတောင်းခံလာပါက အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေ များ ပို့ဆောင်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန် လိုကြောင်းနှင့် စက်ရေတွင်း တူးဖော်ရန် လိုအပ် သည့် ရပ်ကွက်/ကျေးရွာများစာရင်းကိုလည်း ပြုစုထားရှိရန် လိုကြောင်း ဆွေးနွေးခဲ့သည်။ ထိုနောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာ ထွန်းမင်းခန့်တို့က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-2019 ) မဖြစ်ပွားစေရေး အတွက် ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်း နှင့် လက်ကမ်း စာစောင် များ ဖြန့်ဝေထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်လာသော ရပ်ကွက်နှင့် ကျေးရွာ များက အကူအညီတောင်းခံလာပါက အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေများ ပို့ဆောင်နိုင်ရေးအတွက် ရေသန့် ဗူးကြီးများကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိပြီး သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်လာပါက ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံပါတ်များကို ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်က လုပ်ငန်း လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် လွှတ်တော်ကိုယ်စားလှယ် များနှင့်အတူ ပုလဲမြို့နယ်၊မိုးကောင်းကျေးရွာနှင့်မကျီးကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)