ဒီးမော့ဆို စက်တင်ဘာ ၂
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ကျေးရွာ ၁၂ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) စီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာဖြန့်ဖြူးမှု တစ်ရက်တာ သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု က ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းသည် နိုင်ငံတော်မှ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက် ငယ် တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာ ၁၂ ရွာ၌ ရန်ပုံငွေကျပ် ၃၀၀ သိန်း ရရှိသည့် ကျေးရွာ ၄ ရွာ၊ ရန်ပုံငွေကျပ် ၂၀၀ သိန်းအတွက် ကျေးရွာ ၆ ရွာ၊ ရန်ပုံငွေကျပ် ၁၀၀ သိန်းအတွက် ကျေးရွာ ၂ ရွာ ဆောင်ရွက်လျက်ရှိကာ ယခုဖွင့်လှစ်သော စီမံခန့်ခွဲမှု သင်တန်းသည် ကျေးရွာများအတွက် အရေးပါသော သင်တန်းဖြစ်ပြီး ကျေးရွာကော်မတီ ဝင်များအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေး သော ကျေးရွာအဆင့် ဖြည့်သွင်းရမည့် ပုံစံ(၁၁) မျိုးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာများကို ကောင်းစွာ လိုက်နာ မှတ်သားပြီး မိမိကျေးရွာများသို့ ပြန်လည်မျှဝေပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နော်ရီစေးဘာ က တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်သော ကူးစက် ရောဂါများ၊ မွေးမြူရေး နည်းစနစ်များနှင့် အခြား တိရစ္ဆာန်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြား ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသူက ဖောငမြောင်တောင်ပိုးအကြောင်း၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်း စသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)