ဗန်းမောက် မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ခမိုးကားဝင်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေ စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာလင်းအောင်စိုးတို့က ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူကြရန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ မိဘပြည်သူများအနေဖြင့်လည်း ရောဂါဖြစ်ပွားသည်ဟု သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ ကုသမှုများခံယူစေလိုကြောင်း အသိပညာပေး ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးစန်းကျော်၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသူဟန်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာန လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများကို အများပြည်သူများ မြင်သာနိုင်သော စျေးဆိုင်များနှင့် ကာဂိတ်များတွင် ပြသချိတ်ဆွဲ ထား ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (ဗန်းမောက်)