ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

ဆော  မတ်  ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက် ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်နိုင်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များ၊ တာဝန်ရှိသူများ ပါဝင်၍ ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောမြို့၌ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများ ဖြစ်သည့် လမ်းလုပ်ငန်း(၅)ခု၊ တံတား/ရေမြောင်း လုပ်ငန်း(၆)ခုနှင့် အခြားလုပ်ငန်း (၂)ခုတို့၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို စစ်ဆေးကြခြင်း ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများတို့က ရှင်းလင်းတင်ပြကြရာ မှန်ကန်မြန်ဆန်စွာဖြင့် အဆင့်အတန်းမီ ဆောင်ရွက်နိုင်ရေး မှာကြားညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)