စလင်း မတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်၊ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး၊ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက စလင်းမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေတို့နှင့် တွေ့ဆုံ၍ စံပြဆေးရုံ ရွေးချယ်နိုင်ရေး ဆေးရုံအတွင်း ကြည့်ရှု စစ်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ သံသယလူနာရှိပါက သီးသန့်ထားရန်အခန်းပြုလုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ ဆက်လက် ထွက်ခွာလာပြီး ဆင်ဖြူကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးထွန်း၊ ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကျော်ထက်အောင်နှင့် ဆေးရုံဝန်ထမ်းများအားတွေ့ဆုံ၍ စံပြဆေးရုံရွေးချယ်နိုင်ရေးအတွက် လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်းနှင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါဖြစ်ပွားမှု သံသယလူနာရှိပါက သီးသန့် ထားရန်အခန်းပြုလုပ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်းအတွင်း ဆောက်လုပ်မည့် အလျား ၆၈ ပေ၊ အနံ ၅၃ ပေ၊ အမြင့် ၃၁ ပေရှိ(၄)ခန်းတွဲ၊(၃)ထပ် RC အမျိုးအစား ဝန်ထမ်းအိမ်ယာ အဆောက်အဦမြေနေရာအား ပန္နက်တိုင်များ စိုက်ထူကာ အောင်သပြေပန်းနှင့် အမွေးနံသာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)