လှည်းကူးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါ (COVID-19) နှင့် ပတ်သက်၍ အသိပညာပေးဟောပြော

လှည်းကူး မတ် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှု ခဲ့မှုအပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှု နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံ၍ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါနှင့် ပတ်သက်ပြီး သိ‌ကောင်းစရာအချက်များ၊ ရှောင်ရန်/ ဆောင်ရန်အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ ဖြစ်ပွားခဲ့မှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ ဒုတိယညွှန်ကြားရေးချုပ် ဒေါက်တာထွန်းမြင့်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)