ရွှေဘို မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း နွေရာသီ၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျပ်သန်း (၃၇၇.၅) သန်းဖြင့် စက်ရေတွင်းများ၊ မြေသားရေကန်များ ဖော်ဆောင် လျက်ရှိကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ ကျေးလက်ဒေသနေပြည်သူများနှင့် မွေးမြူထားရှိသည့် တိရစ္ဆာန်များအတွက်ပါ သန့်ရှင်းသော သောက်သုံးရေဖူလုံစေရေးအတွက် ရည်ရွယ်၍ ပြည်သူများ၏ တင်ပြချက်များ၊ ဌာနမှ တာဝန်ရှိသူများ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြုံပုချက်များအရ သန့်ရှင်းသောသောက်သုံးရေ အမှန်တကယ်လိုအပ်သော ကျေးရွာများကို ဦးစားပေး အစီအစဉ်အလိုက် လျာထားဆောင်ရွက်ပေးနေကြောင်း ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်မှ ပြောကြားသည်။
ယခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း ခရိုင်အတွင်းရှိ (၆) မြို့နယ်တွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်ရေတွင်း တွင်းနက်(၁၂)တွင်း၊ မြေသားရေကန်(၂)ကန်၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် စက်ရေတွင်း တွင်းနက်(၇)တွင်း၊ တွင်းတိမ် (၁) တွင်း၊ လက်တူးတွင်း(၁)တွင်း၊ အုတ်ရေကန်(၁)ကန်နှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် မွမ်းမံ တွင်းနက် (၁) တွင်း တို့ကို ကျပ်သန်း (၃၇၇.၅) သန်းဖြင့် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့အပြင် နွေရာသီတွင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါကလည်း ဆက်သွယ်အကြောင်းကြားနိုင်ရန် မိမိတို့ ဦးစီးဌာနမှ သက်ဆိုင်ရာ နေရာဒေသအလိုက် ဆက်သွယ်ရ မည့် ဖုန်းနံပတ်များကိုလည်း Online မှတဆင့် ကျယ်ပြန်စွာ အသိပေးထားကြောင်းနှင့် သန့်ရှင်းသော သောက်သုံးရေ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်လည်း အစီအစဉ်များ ဆောင်ရွက်ထားရှိ ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)