ကြို့ပင်ကောက် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များနှင့် ရှေးဦးသူနာပြုစုနည်း ပညာရပ်များကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ ကြို့ပင်စခန်းကျေးရွာအုပ်စုမှ သင်တန်းသား ၃၅ ဦး အားစာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ယခုလိုသင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းကြောင့် မြို့နှင့်အလှမ်းဝေးသောကျေးရွာများတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေးလုပ်ငန်းများကို ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးရဲလင်းအောင်ကပြောသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟို၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းဇော်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်မီးဘေး တားဆီးကာကွယ်ရေးကော်မတီများ အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)