ပခုက္ကူ မတ် ၁၄
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ တက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ကျင်းပသည်။
ရှေးဦးစွာ အဆောက်အအုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ အဆောက်အအုံတည်ဆောက်ရေး ကော်မတီအတွင်းရေးမှူး၊ ပခုက္ကူ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်လွင်၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ဌာနဆိုင်ရာများနှင့် ဂရုဏာမိုး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက် ပြီး နံ့သာမွှေးများ ပက်ဖြန်း ကြသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ တက္ကသိုလ်ဝန်း အတွင်း ကျောင်းသားအိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်းကို ဂရုဏာမိုးဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသားဦးရေ(၁၆၀)ဦးဆံ့ အလျား(၂၁၂)ပေ၊အနံ(၁၃၂)ပေရှိ အိပ်ဆောင် RC နှစ်ထပ်နှင့် ထမင်းစားဆောင် အလျား(၁၂၂)ပေ၊ အနံ(၄၈)ပေရှိ RC တစ်ထပ်ဆောင်တို့ကို လုပ်ငန်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အဆောက်အအုံတည်ဆောက်ရေး တာဝန်ရှိသူများနှင့် ဂရုဏာမိုး ဆောက်လုပ်ရေး ကုမ္ပဏီ တို့သည် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် စာချုပ် ချုပ်ဆို အောင်မြင်ခဲ့ကြပြီး ဖေဖော်ဝါရီလ (၂၆)ရက်နေ့ မှ စတင်ကာ စက်တင်ဘာလကုန်အထိ ဆောက်လုပ်ကြမည်ဖြစ်ကြောင်းနှင့် ထိုဆောက်လုပ်ရေး လုပ်ငန်းများကို စီမံကိန်း အင်ဂျင်နီယာ ဦးသန်းထွေး( RSE -2805)၊ လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးသင်းမိုး (BE-Civil)၊ လုပ်ငန်းခွင်အင်ဂျင်နီယာ ဒေါ်ချိုဇင်ဝင်း (BE-Civil)တို့က ဦးစီး၍ ဆောက်လုပ်ကြမည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး