ကသာ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထန်းကုလားထိုင်လုပ်ငန်းလုပ်ကိုင်သူများသည် မုံရွာနယ်ဘက်မှ လာရောက်ပြီး ထုတ်လုပ်ရောင်းချခြင်းဖြစ်ရာ ထန်းကုလားထိုင်များ ပြုလုပ်နိုင်ရန်အတွက် ကုန်ကြမ်းများကို မုံရွာနယ်ဘက်မှ ကုန်းလမ်းဖြင့် သယ်ဆောင်ပြီး ကသာမြို့နယ်အတွင်း ထုတ်လုပ်ရောင်းချခြင်း ဖြစ်သည်။ ထို့ပြင် အသင့်လုပ်ပြီးသော ထန်းကုလားထိုင်(၁)လုံးလျှင် ဈေးနှုန်း ကျပ်(၆၀၀၀)မှ (၇၅၀၀)အထိ ပြန်လည်ရောင်းချလျက်ရှိပြီး ရောင်းအားအနေဖြင့် ပုံမှန်ရောင်းချရခြင်း မရှိသော်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကုန်ကြမ်းမှ အသင့်လုပ်ပြီး ထန်းကုလားထိုင်ဖြစ်အောင် တစ်နေ့လျှင် (၁၅)လုံးမှ အလုံး(၂၀) အထိ ပြုလုပ်နိုင်တယ်။ ကုန်ကြမ်းဖြစ်တဲ့ ထန်းရိုးအချောင်း(၁၀၀)ပါရှိတဲ့အစည်းတစ်စီးကို (၂၅၀၀)ကျပ်နှင့် အိတ်များဖြင့်ထည့်ထားသော အခင်းများကို တစ်အိတ်လျှင် ကျပ်(၁၂၀၀)နှင့် ကျပ်(၁၃၀၀)နဲ့ ပေးဝယ်ပြီး ဒီရွာမှာ ထန်းကုလားထိုင် လာရောက်လုပ်ကိုင် ရောင်းချခြင်း ဖြစ်တယ်။ ယင်းလုပ်ငန်းလုပ်ကိုင်ဖို့ လူအင်အား(၄)ယောက်ရှိပြီး တစ်ယောက်က ကုလားထိုင် များကို တပ်ဆင်တယ်၊ ကျန်(၃)ဦးက ဆိုင်ကယ်များဖြင့် ကုလားထိုင်များကို မြို့ပေါ်နှင့် ကျေးရွာများအတွင်း လှည့်ပတ်ရောင်းချနေတယ်။ ရောင်းအားအနေဖြင့် တစ်နေ့မှာ ပုံမှန် ရောင်းချရခြင်း မရှိပေမယ့် မုံရွာနယ်ဘက်စာရင် ဒီမှာက ရောင်းချရတာ အဆင်ပြေတယ်” လို့ အဆိုပါလုပ်ငန်းလုပ်ကိုင်သူ ဦးရာဇာဝင်းက ပြောကြားခဲ့သည်။
ရဲအောင်(ကသာ)