ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန်ရေး စုပေါင်းရှင်းလင်းဆောင်ရွက်

ပွင့်ဖြူ   မတ်   ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက  ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များ နှင့်  ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား နွေစပါး ၊ မိုးစပါး ၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီ ရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရေလက်တံမြောင်းများအား စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် မင်းဘူး(စကု)မြို့နယ် အိုင်းမရေလွှဲဆည်နှင့် စလင်း မြို့နယ် လင်းဇင်းရေလွှဲဆည်တို့မှလည်း စိုက်ပျိုးရေများ ဖြန့်ဝေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအချိန်သည် မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံ နွေးစပါးစိုက်ပျိုးရာသီ ဖြစ်သည့်အတွက် သီးနှံအောင်ရေ အပြည့်အဝရရှိရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန် ရေး စုပေါင်းရှင်းလင်းခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆည်ရေပေးဝေရေးလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းမှ ဦးဆောင်ကာ ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ပေးဝေသော တောင်မုန်းမြောင်းမကြီး၏ ရေလက်တံ(၁၁)ခွဲ မြောင်းအတွင်း ပိတ်ဆို့နေသည့် ရေမိတ်များနှင့် အမှိုက်သရိုက်များ ကောက်ယူ ရှင်းလင်းဖယ်ရှားခြင်း ၊ ရေလက်တံမြောင်း ဘေး(ဝဲ ၊ ယာ)ရှိ ခြုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မတ် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်ရက်ကြာ တောင်သူအကျိုးပြု စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း ထံမှ သိရသည်။   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည် ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀၀၇၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)