ကလေး မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကလေးခရိုင် ကလေးမြို့ အနေဖြင့် နယ်စပ်ဒေသမှာ မပါဝင်သော်လည်း ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့အတွက် အထူးကိစ္စတစ်ရပ်အနေနဲ့ အကြီးအကဲများရဲ့ စေတနာ လမ်းညွှန်မှုဖြင့် ဒီသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု လူငယ်သင်တန်းကျောင်း (၉) ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းအပြင် ဒေသ အခြေအနေအရ သင်တန်းဖွင့်လှစ်ပေးရန်တင်ပြလာတဲ့ ဒေသများမှာလည်း ရွေ့လျား (Mobile) စက်ချုပ်အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဒါကြောင့် နိုင်ငံတော်ရဲ့စေတနာကို သင်တန်းသူများအားလုံး နားလည်သဘောပေါက်ကာ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် ကြိုးစားကြဖို့လိုကြောင်း၊ သင်တန်း ကျောင်းက သင်ကြားပေးလိုက်တဲ့ သက်မွေးပညာရပ်များကို အခြေခံပြီး ဒီထက်ပိုမိုမြင့်မား တဲ့ ပညာရပ်များကို ထပ်မံလေ့လာဆည်းပူး ကြိုးစားအားထုတ်ကာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်နိုင်တဲ့ စံပြသင်တန်းသူများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအုပ်ကြီး ဒေါ်ထန်းထုံက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက သင်တန်းတွင် ထူးချွန်ဆုရရှိသူ ကလေးမြို့ မြို့သာရပ်ကွက်မှ သင်တန်းသူမသီသီဝင်းအား အပ်ချုပ်စက် တစ်စုံဖြင့်လည်းကောင်း၊ သင်တန်း ဆင်းလက်မှတ်များကို အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအုပ်ကြီးက လည်းကောင်း ပေးအပ်ခဲ့ကြပြီးနောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သင်တန်းသူများ၏ လက်ရာများဖြစ်သည့် အဝတ်အထည်များချုပ်လုပ်ထားရှိမှု၊ ဇာထိုးပန်းထိုးအလှများနှင့် အစား အသောက်များ ဖန်တီးထားရှိမှုတို့ကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် ကလေး၊ ကလေးဝ၊ မင်းကင်း၊ တမူး၊ ဂန့်ဂေါ်၊ ဟုမ္မလင်းနှင့် တွန်းဇံ မြို့နယ်တို့မှ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ ၅၀ ဦးတို့အား သင်တန်းကာလ ရက်သတ္တ ၁၈ ပတ်ကြာ သင်ကြားပေးလျက်ရှိကြောင်း၊ ကလေးမြို့အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအနေဖြင့် ယနေ့အထိ အခြေခံအိမ်တွင်းမှု သင်တန်းဆင်းပြီးသူ ၁၇၀ ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပြီးသူ ၄၀ ဦး၊ စုစုပေါင်း ၂၁၀ ဦးတို့အနက်မှ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်သူ ၉၀ ဦးရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)