ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေရန် ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ  မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ရုံးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ရေအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)စု ၊ ကျေးရွာပေါင်း (၂၀၄ ) ရွာ ရှိကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အငယ်တန်း အင်ဂျင်နီယာ - ၂ ဦးနေသူစိုးနှင့် ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည် Rural Water Supply Management Information System (RWSMIS) Application ဖြင့် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလမှစတင်ကာ တစ်ရက်လျှင် ကျေးရွာ(၁၀)နှုန်း ဖြင့် ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးနေကြောင်း သိရပြီး ယခုလက်ရှိတွင် ကျေးရွာပေါင်း ၁၀၀ ကျော်ခန့် စစ်တမ်းများ ကောက်ယူဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယခုလကုန် ပြီးစီးအောင် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )