စလင်း မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉) ခုဖွင့်၍ ကျင်းပလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား အထောက်အပံ့ဖြစ်စေရန် စာစစ်ဌာနအသီးသီး၌ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကို စေတနာရှင်အလှူရှင်များ က အခမဲ့လှူဒါန်းကြောင်း သိရသည်။
" စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေမည်သူမဆို ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ အစရှိတဲ့ စာရေးကိရိယာတစ်ခုခု အိမ်မှာမေ့ကျန်ခဲ့တာတို့ဖြစ်လျှင် လိုအပ်တာ ကို လွယ်လင့်တကူယူ ဆောင်နိုင်ရန် စာစစ်ဌာနဝင်ပေါက်နေရာများတွင် ယခုလို ကျောင်းသုံးစာရေးကိရိယာ အစုံထားရှိလှူဒါန်းခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စားမေးပွဲ နောက်ဆုံးနေ့အထိ လှူဒါန်းသွားမည့်ဖြစ်ကြောင်း" မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အလှူရှင်တစ်ဦးက ပြောသည်။
စလင်းမြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁) စလင်း စာစစ်ဌာန-(၁)၊ အ.ထ.က(၁)စလင်း စာစစ်ဌာန-(၂)၊ အ.ထ.က(၂)စလင်း၊ အ.ထ.က ဆင်ဖြူကျွန်း၊ အ.ထ.က တညောင်၊ အ.ထ.က ဇီးဖြူပင်၊ အ.ထ.က ပြည်စိုးကုန်း၊ အ.ထ.က တပ်တွင်း၊ အ.ထ.က လင်းဇင်းစသည့် စာစစ်ဌာန(၉)ခုဖွင့်လှစ်ထားပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းရှိ ကျောင်းသားကျောင်းသူ ကျား ၂၃၃၄ ဦး၊ မ ၂၈၅၀ ဦး စုစုပေါင်း ၅၁၈၄ ဉီးရှိရာ ယနေ့သင်္ချာဘာသာရပ်တွင် လာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ ကျား ၂၁၆၈ ဦး၊ မ ၂၇၇၂ ဦး စုစုပေါင်း ၄၉၄၀ ဦး ၉၅.၂၉ ရာနှုန်းဝင်ရောက်ဖြေဆို၍ ပျက်ကွက်သူ ၂၄၄ ဦး ၄.၇၁ ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးမိုးသူ(စလင်း)