အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

ပုလဲ  မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှုအောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က   ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၁) မှ သင်တန်းအမှတ်စဉ် (၄၀) ထိ သင်တန်းသူ ၂၀၅၁ ဦး၊ အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၁)မှ အမှတ်စဉ် (၃၅)ထိ သင်တန်းသူ  ၅၇၁ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁)မှာ သင်တန်းသူ ၅၀ ဦးနှင့်  ကြိမ်/ဝါးသင်တန်းသူ ၂၅ဦး  စုစုပေါင်း ၂၆၉၇ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်မြင်စွာဖြင့် သင်တန်းဆင်းသွား သူများအနက်မှ စက်ချုပ်လုပ်ငန်း လုပ်ကိုင်သူ ၁၁၄၃ ဦး၊ အထည်ချုပ်စက်ရုံများမှာ   အလုပ်လုပ်ကိုင်သူ ၁၉၉ ဦး၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး ရှိနေသည်ကို လေ့လာသိရှိ ရသောကြောင့်  သင်တန်းကျောင်း၏   ရည်ရွယ်ချက်များ  အောင်မြင်သည်ဟု   ယူဆရမှာ  ဖြစ်ကြောင်း၊ နိုင်ငံတော်က  ရည်ရွယ်ချက်ကြီးမားစွာဖြင့် ငွေကြေးအမြောက်အမြား အကုန် အကျခံပြီး ဖွင့်လှစ်ပေးနေသော သင်တန်းဖြစ်သည့်အတွက် သင်တန်သူများက နိုင်ငံတော်၏ စေတနာကို နားလည်သဘောပေါက်ပြီး လက်တွေ့နယ်ပယ်များမှာ ကျွမ်းကျင်တတ်မြောက်ခဲ့သော အတတ်ပညာများဖြင့် မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသော  ထီးချိုင့် မြို့နယ်၊ ကွမ်းဘောင်ကျေးရွာမှ မခင်နှင်းဝေအား စက်ချုပ်စက် တစ်စုံကို ပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ရာ   သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာမှ သင်တန်းသူ မဖြူဇင်သန့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ၏ လက်ရာပစ္စည်းများကို  လှည့်လည်ကြည့်ရှု   အားပေးခဲ့ကြောင်းနှင့် အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း သို့ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကာလမှာ ရက်သတ္တပတ် ၁၈ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)