တောင်ငူ စက်တင်ဘာ ၄
တောင်ငူ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ လူနာအမှတ် (၆၀၆) တစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် နောက်ပိုင်း မြို့နယ်ရှိ ဒေသခံပြည်သူများ ၊ ခရီးသွားလာကြ သူများ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ လျက်ရှိနေပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ခံနေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
``ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုနှုန်းမြင့်မားလာတာကြောင့် မိမိတို့တောင်ငူမြို့နယ် အနေနဲ့ဘယ်ပဲ သွားသွား နှာခေါင်းစည်း တွေ တပ်သွား ကြဖို့ လိုပါတယ်။ ဒါမှသာလျှင် ကြိုတင်ကာကွယ်ရာ လည်းရောက် ပါမယ်။ ယခုဆိုရင် နေ့စဉ်တိုင်းလမ်းသွား လမ်းလာသူတိုင်း နှာခေါင်းစည်း တွေတပ်ဆင်သွား လာနေကြပါ တယ်။ ယခု Mask တပ်တယ် ခဏနေ မတပ်တော့ဘူး မဖြစ်စေချင်ပါဘူး ။ ယခုလို ကိုဗစ် -၁၉ ကူးစက်မှုတွေ တိုးလာတဲ့အချိန်မှာ ပြည်သူများအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ကြားချက်တွေ နဲ့အညီ ဆောင်ရွက်ကြဖို့လိုပါတယ် ´´ ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။
တောင်ငူမြို့နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာ လူနာအမှတ် (၆၀၆) တစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွား စေရန် မြို့တွင်း စားသောက်ဆိုင်များ ၊ လက္ဘက်ရည် ဆိုင်များ ၊ လမ်းဘေးစားသောက်ဆိုင်များအားလုံး စက်တင်ဘာလ ၁၂ ရက်နေ့ အထိ ဆိုင်ထိုင်စားသုံးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် ၊ အဆိုပါရောင်းချဆိုင်များအားလုံး နံနက် ၆နာရီမှ ည ၉ နာရီအထိသာ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ၊ လိုက်နာမှုမရှိသည့်ဆိုင်များအား ဆိုင်ပတ်သိမ်းခြင်း အထိ ဆောင်ရွက်သွားရန်၊ စျေးဆိုင် ၊ စျေးများအားလုံး စျေးရောင်း စျေးဝယ်ပြုလုပ်ကြသူများ မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ပြု လုပ်ကြရန်၊ အားကစားသင်တန်းများ ၊ ပညာရေးနှင့်ပတ်သက်သည့် သင်တန်းများ ၊ ဘိလိယက်ခုံများ ၊ ကလေးကစား ကွင်းများ ၊ ရေကူးကန်များအားလုံး ပိတ်သိမ်းထားရှိရန်၊ KTV ဆိုင်များအားလုံး ပိတ်ထားရန်၊ ဘာသာ ရေး ကျောင်းသား ၊ ဘုရားဝတ်ပြုဆုတောင်းခြင်းများ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီတိကျစွာ ဆောင်ရွက်ကြရန်၊ မြို့တွင်းသို့ ဝင်ရောက်သည့် ခရီးသည်တင်ယာဥ်များ အားလုံး လမ်းပိုင်းတွင် ခရီးသည်တင်ချမပြုလုပ်စေရန်နှင့် သက်ဆိုင်ရာ ဂိတ်များ ရောက်မှသာ အတင်အချပြုလုပ်စေ ရေး၊ ဆိုင်ကားဂိတ် ၊ ကားဂိတ်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး၊ စိုက်ဘဏ်ချေးငွေများ ၊ ပြင်ပ အသေးစား ချေးငွေလုပ်ငန်းများ၌ ရောဂါကာကွယ်ရေးနှင့် အညီဆောင်ရွက်ကြရန်၊ ဘုံဆွမ်းလောင်းလှူ ရာ၌ တန်းဆွမ်းလောင်းခြင်းမပြုစေဘဲ သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းချိုင့်စနစ်ဖြင့်သာ လှူဒါန်းနိုင်ရေး၊ စျေးဝယ်စင်တာများ၌ ရောဂါကာကွယ်ရေး နည်းလမ်း များအား တိကျစွာ ဆောင်ရွက်သွား နိုင်ရေး၊ ဌာနဆိုင်ရာများအားလုံး ရုံးဝင်ရုံးထွက်များအား စိစစ်ရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်း များအတိုင်း ဆောင်ရွက်သွားကြရန် ၊ မြို့တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံရပ်ခြားမှ နေရပ်ပြန် များအား အမှတ် ၁၄ ရပ်ကွက် သာသနာ့ ဗိမာန်ဟောင်းတွင်ထားရှိရန်၊ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက် ရှိသူများအား ကေတုမတီမြို့သစ် ၊ သီတဂူဗုဒ္ဓတက္ကသိုလ်၌ ထားရှိ ဆောင်ရွက်ရန် ၊ အမှတ်၇ ရပ်ကွက် ပညာရေးကောလိပ် (ဟောင်း) အဝင်အထွက် ပိတ်သိမ်းထားရှိရန်၊ မြို့နယ်အတွင်း ညမထွက်ရ အမိန့်အား ထုတ်ပြန် ထားရှိပြီး အများပြည်သူသိရှိစေရေး အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင် ရွက်ကြရန်၊ ပြည်သူများ အနေဖြင့် မလိုအပ်ပဲ အပြင်မထွက်စေရေး ၊ မဖြစ်မနေအပြင်သို့ထွက်ရှိပါက စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ကူးစက်ရောဂါ ကာကွယ်နိုင်နှင်း ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ် ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ရပ်ကွက်နှင့် ကျေးရွာများ အသီးသီးသို့ အသိပေးဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
ဇော်ထက် (တောင်ငူ)