ပခုက္ကူ မတ် ၁၃
ပခုက္ကူမြို့နယ် အနောက်နံဂါတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မျက်စိဝေဒနာရှင်များအား မတ်လ ၁၀ ရက်နေ့မှစတင်၍ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးမှုများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (ကျန်းမာရေးစောင့် ရှောက်မှုစေတနာလုပ်အားရှင်အဖွဲ့)၏ ခွင့်ပြုချက်ဖြင့် အနောက်နံဂါတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်ဂုဏာအလင်္ကာရက ဦးစီးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံမှ ဆရာဝန်ဒေါက်တာတင့်ထူးအောင်၊ ဒေါက်တာခင်သန်းမူနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးကုသပေးခြင်းဖြစ်သည်။
ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအပြင် မြစ်ခြေမြို့နှင့် ကမ္မမြို့ရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များပါ လာရောက်စမ်းသပ်ကုသလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှ မဟာသိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်နှင့် အနန္တဂုဏ်ရည်ကျောင်းတိုက်ကြီးများမှ တိုက်အုပ်ဆရာတော်ကြီးများနှင့် အခြားပြည်သူ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၂ ရက်နေ့အထိ အကြီးစားခွဲ စိတ်လူနာ(၂၁၀)ဦး၊ အသေးစား ခွဲစိတ်လူနာ(၁၀၀)ဦးနှင့် OPD ကြည့်လူနာ (၆၅၀)ဦးကျော်ရှိပြီး မတ်လ(၁၂)ရက်နေ့အထိ စမ်းသပ် ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပထဆုံးအကြိမ်အဖြစ် မြစ်ခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မျက်စိ ဝေဒနာရှင်များအား အခမဲ့ကုသပေးမှုများ ပြုလုပ်ခဲ့ပြီး ယခုစမ်းသပ်ကုသမှုမှာ (၈)ကြိမ်မြောက်ဖြစ်ကြောင်း၊ မျက်မှန်များပေးခြင်း၊ OPD ကြည့် လူနာများအား မျက်စိရောဂါနှင့်ပတ်သက်သည့် ဆက်စပ်ဆေးပစ္စည်းများ ပေးခြင်းများကိုလည်း အခမဲ့ပေးအပ်လျက်ရှိကြောင်း၊ ကျေးရွာအလှူရှင်များနှင့် ပူးပေါင်း၍ မျက်စိဝေဒရှင်များအား နံနက်ပိုင်းတွင် အစာပြေ မုန့်ဟင်းခါးနှင့် နေ့လယ်ပိုင်းတွင် ထမင်းတို့ကိုလည်း ကျွေးမွေး၍ ကုသိုလ်ယူကြကြောင်း၊ ထိုသို့မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသရာတွင် (၇)ကြိမ်မြောက်အထိ ခွဲစိတ်လူနာပေါင်း(၂၀၄၂၀)ဦး၊ မျက်မှန်တပ်ဆင်သူလူနာ(၂၀၅၄)ဦး၊ OPD ကြည့်လူနာပေါင်း (၉၀၈၂၀) ဦးတို့ကို ကုသိုလ်အဖြစ် လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်ဂုဏာအလင်္ကာရ၏ မိန့်ကြားချက်အရ သိရသည်။
အဆိုပါ မျက်စိခွဲစိတ်ကုသပေးရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မတ်လ(၁၂)ရက်နေ့တွင် မျက်စိဝေဒနာရှင်များကို တွေ့ဆုံ၍ အလှူငွေများထည့်ခြင်း၊ အားပေးစကားများ ပြောကြားခြင်းများ ပြုလုပ်ကြပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြား ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး