ချောင်းဦး မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဘူတာကျေးရွာ SMU ဘက်စုံသုံးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းတို့က အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ စသည့် ဌာနများ စုပေါင်း၍ ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ပြည်သူများက ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဌာနအလိုက် တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစိုးထွန်းအောင် နှင့်ဝန်ထမ်းများက အိမ်ထောင်စုဇယားပျောက်ဆုံး၊ ပျက်စီးနှင့် မွေးဖွားမှုအတွက် အိမ်ထောင်စုစာရင်း ထည့်သွင်းပေးခြင်း၊ မှတ်ပုံတင်များကို နေ့ချင်အပြီး ပြုလုပ်ပေးပြီး ပြည်သူများ၏ လက်ဝယ်အရောက်အပ်နှံပေးခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦး နှင့် ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စသည့်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းနှင့် မြို့နယ် ဌာနဆိုင်ရာ(၁၁)ဌာနမှတာဝန်ရှိသူများ၊ ဘူတာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံကျေးရွာ ပြည်သူ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)