ဆားလင်းကြီးမြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

ဆားလင်းကြီး  မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဆားလင်းကြီး) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်းက သင်တန်းကို တက်ရောက်သင်ယူခဲ့ကြသည့် သင်တန်းသူများ အနေဖြင့် သင်တန်းမှ သင်ကြားပေးခဲ့သည့် အိမ်တွင်းမှုပညာရပ်များ/ စက်ချုပ် ပညာရပ်များကို ကျွမ်းကျင်တတ်​မြောက် သင်ကြားခဲ့ပြီးဖြစ်ရာ တစ်ဦးချင်းဝင်ငွေများ တိုးပွား ၍ မိသားစုအလိုက် စာဝတ်နေရေးဖူလုံပြီး လူနေမှုအဆင့်အတန်း မြင့်မားစေတဲ့ အကျိုး ကျေးဇူးများ ရရှိလာမည်ဖြစ်​​ကြောင်း ပြောကြားကာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းတွင် ထူးချွန်ဆုရရှိသော ဖားကန့်မြို့နယ် နမ်ယားကျေးရွာမှ သင်တန်းသူ မဘောက်နမ်အား ဆုချီမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်း သားများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်နှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည် အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုစားလှယ် ဒေါက်တာသိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ် (၁) မှ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၈) ပတ်ကြာမြင့်ခဲ့​ကြောင်း သိရသည်။

ဇော်လင်း(ဆားလင်းကြီး)