ဂန့်ဂေါ မတ် ၁၃
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှစ၍ မြန်မာ တစ်နိုင်ငံလုံးတွင် ဖြေဆိုလျက်ရှိရာ ဂန့်ဂေါမြို့နယ်တွင် စာဖြေဌာန(၁၃)ခုရှိပြီး မတ် ၁၃ ရက်တွင် (တတိယ)နေ့ သင်္ချာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် တာဝန်ရှိသူများ ဂရုစိုက်ကြပ်မတ်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးကျော်၊ ဂန့်ဂေါခရိုင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲအုပ် ခင်မောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီတို့က ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ် မရှိစေရေးနှင့် စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် စာစစ်ဌာနအပြင်စည်းအထိ လိုက်လံပို့ဆောင် ပေးကြကြောင်း သိရသည်။
ထို့ပြင် စေတနာရှင်များက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသားများ အခက်အခဲ မရှိစေရန် စာစစ်ဌာနများတွင် ဘောလ်ပင်၊ပေတံ၊ ခဲဖျက်စသည်ဖြင့် လိုအပ်ကယူဆောင် အသုံးပြုနိုင်ရန် လှူဒါန်း ထောက်ပံ့ထားကြသည်ကိုလည်း တွေ့ရသည်။
ထင်အောင်နိုင် (ပြန်ဆက်)