စလင်းမြို့နယ်အတွင်း ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကျင်းပ

စလင်း မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ် နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာဟောပြောပွဲတွင် စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးအေးကိုမှ အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်းက စိုက်ပျိုးရေးသွင်းအားစုများဖြန့်ဖြူရောင်း ချရာတွင် လုပ်ငန်းလိုင်စင်ပါသတ်မှတ်ချက်များနှင့်အညီရောင်းချရေး၊ သက်တမ်းလွန်စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာရောင်းချခွင့်ပိတ်ပင်ထားသောပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ မြန်မာနှင့်အခြားဘာသာတစ်ခုခုဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာရောင်းချရေး၊ စိုက်ပျိုးရေးပစ္စည်းများရောင်းချရာတွင် ဘောင်ချာ ဖြတ်ပိုင်းပေး၍ စနစ်တကျရောင်းချရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မွှေးမှ ဘေးအန္တရာယ် ကင်းရှင်းသော ပိုးသတ်ဆေးများဖြန့်ဖြူးရောင်းချရေး၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက် လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်း သုံးဆေးပစ္စည်းများကို စနစ်တကျ အသုံးပြုစိုက်ပျိုးထားသော စပါးပြီးလယ်မြေပေါ်တွင် သီးထပ်သီးညှပ် စိုက်ပျိုးထားသည့် ရွှေဖလားကြက်သွန်နီနှင့် နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများကို ကွင်းသရုပ်ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသော အရောင်းဆိုင်များမှ လုပ်ငန်းရှင် ၆၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင် (ပြန်/ဆက်)