ရန်ကုန် မတ် ၁၂
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလောအသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ ပဒေသာဈေးတာဝန်ခံရုံး၌ ပြုလုပ်ခဲ့သည်။
သိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွေးအိအိလှိုင်က COVID-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လက်ကို သန့်ရှင်း စင်ကြယ်စွာ ဆေးကြောနည်းများ၊ Mask တပ်ဆင်အသုံးပြုနည်းများကို ဈေးသူဈေးသားများအား ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဈေးသူဈေးသား (၂၅) ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား COVID-19 နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူအများ မြင်သာသည့် နေရာများတွင် ပိုစတာများကပ်နှံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်