ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ပင်လည်ဘူး  မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ် ဆင့်ပွား သင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ကောလင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဖွင့်လှစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို သင်တန်းသား ၃၀ ဦးသက်ရောက်ပြီး မတ် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝေါဟာရများ၊ သဘာဝဘေးအန္တရာယ် ထိတွေ့နိုင်ခြေနှင့် ထိခိုက် ဆုံးရှုံးနိုင်ခြေတို့၏ သက်ရောက်မှု၊ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစက်ဝန်း၊ အရေးပေါ် အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးအား ခြုံငုံလေ့လာခြင်း၊ ကယ်ဆယ်ရေး ပစ္စည်းဖြန့်ဝေခြင်းနှင့် ထောက်ပံ့ခြင်း၊ ကြိုတင် သတိပေးစနစ်အား ခြုံငုံလေ့လာခြင်း၊ အရေးပေါ်ကာလရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး စသည့် သဘာဝဘေး လျော့ပါးစေရေးဆိုင်ရာများနှင့် ပတ်သက်၍ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)