စစ်ကိုင်းတိုင်းဒေသကြီးလုံးဆိုင်ရာ ဓမ္မစကူးလ်အလုပ်အမှုဆောင်ကော်မတီ၏ စတုတ္ထအကြိမ်(၄)လပတ် အစည်းအဝေးကျင်းပ

ဖောင်းပြင် မတ် ၁၁

ဓမ္မစကူးလ်ကျောင်းများ ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် မြို့နယ်အသီးသီးမှ ဓမ္မစကူးလ်နှင့်ပတ်သက်သော အောင်မြင်မှုရလဒ်များအတွက် တိုင်းဒေသကြီးလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်(၄)လ ပတ်အစည်းအဝေးကို ဖောင်းပြင်မြို့နယ် ရွှေညောင်ပင် ကျေးရွာရှိ ရွှေပုဂံကျောင်းတိုက်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်သည်။ ထို့နောက် ဖောင်းပြင် မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ဂါရဝမှ နှုတ်ခွန်းဆက်ကထာ လျှောက်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဓမ္မစကူးလ်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဆရာတော်က ဩဝါဒကထာမိန့်ကြားသည်။ ပြီးနောက် ဓမ္မစကူးလ်၏ ညွှန်ကြားချက်များကို မျိုးသာကီ ဓမ္မစကူးလ်ဆရာတော် ဘဒ္ဒန္တဉာဏိဿရမှ လျှောက်ထားသည်။ ဆက်လက်၍ ဓမ္မစကူးလ် (ဗဟို)ကျောင်းတော်ကြီးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ တိုင်းဓမ္မစကူးလ်လုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍ တိုင်းပြန်ကြားရေးဆရာတော် ဦးပီယက လည်းကေင်း၊ မြို့နယ်အသီးသီးမှ ဓမ္မစကူးလ်ဆရာတော်များနှင့် တိုင်းဓမ္မစကူးလ်၊ သင်ကြား/စီမံ ဆရာ/ဆရာမများက ဓမ္မစကူးလ် ဖောင်ဒေးရှင်းတိုးတက် အောင်မြင်ရေးတို့ကို အကြံပြုလျှောက် ထားကြကာ ပဥ္စမအကြိမ်မြောက် တိုင်းအဆင့်အစည်း အဝေးပြုလုပ်နိုင်ရန် အတည်ပြုဆွေးနွေး ကြသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဓမ္မစကူးလ် ကော်မတီ ဒုတိယဥက္ကဋ္ဌဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် တိုင်းအဆင့်(အမြဲတမ်း)ရုံးနှင့် ဝန်ထမ်းများခန့်အပ်၊ ဖွင့်လှစ်ထားရှိနိုင်ရေး၊ တိုင်းမဂ္ဂဇင်းနှင့် အပတ်စဉ် ဂျာနယ်စာစောင် ထုတ်ဝေနိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ တစ်ရပ် စနစ်တကျဖွဲ့စည်း၍ ငွေကြေး ဆိုင်ရာ စနစ်တကျစီမံခန့်ခွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်မှ ဓမ္မစကူးလ်ကျောင်းများရှိ သံဃာတော် အပါး(၁၆၀)နှင့် ဓမ္မစကူးလ်ဆရာ/ဆရာမ (၁၀၅)ဦးတက်ရောက် ခဲ့ကြကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)