ချောင်းဦး မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ယိုမျိုးစုံနှင့် မုန့်ဖုတ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ချောင်းဦးမြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မုန့်ဖုတ်နည်းသင်တန်း နည်းပြဆရာမ ချောင်းဦးမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမျိုးကြည်က မုန့်ဖုတ်သင်တန်းနှင့် ပတ်သက်၍လည်းကောင်း၊ ယိုမျိုးစုံပြုလုပ်နည်း သင်တန်း နည်းပြ ဆရာမ မုံရွာမြို့ အစိုးရ ရက်ကန်းကျောင်းမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ဖြိုးပပကျော်က ယိုမျိုးစုံသင်တန်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ယနေ့ဖွင့်လှစ်သော သင်တန်းတွင် ယိုမျိုးစုံ ပြုလုပ်နည်း၊ ဂျယ်လီအမျိုးမျိုးပြုလုပ်နည်း၊ ဖျော်ရည်ပြုလုပ်နည်းများ၊ မုန့်ဖုတ်နည်းတွင် ပေါင်မုန့်၊ ကွတ်ကီး၊ Donuts ပြုလုပ်နည်း၊ ဆနွင်းမကင်းဖုတ်နည်း စသည့် အခြေခံ မုန့် ဖုတ်နည်း (၁၅)မျိုးတို့ကို သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် ချောင်းဦးမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမျိုးကြည်၊ မုံရွာမြို့ အစိုးရ ရက်ကန်းကျောင်းမှ ဒေါ်ဖြိုးပပကျော် (လက်ထောက်အင်ဂျင်နီယာ)၊ ဒေါ်နီလာခိုင် (စက်မှုကျွမ်းကျင်-၄) နှင့် ဒေါ်လှန့်စန်းကျိမ် တို့က သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
သင်တန်းသို့ ချောင်းဦးမြို့နယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်း ကျေးရွာများမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ မတ် ၂၅ ရက်ထိ (၁၅)ရက်ကြာ သင်တန်း ဖွင့်လှစ် ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။
ယမင်း (ရွှေဦးမြေ)