ဝင်ငွေရ ဝဥ၊ ပီလောပီနံ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်

ခန္တီး     မတ်    ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဝင်ငွေရစက်မှုကုန်ကြမ်းသီးနှံ ဝဥ၊ ပီလောပီနံနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပညာပေး သင်တန်းကို ယနေ့ နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းအမ်းတော်က သင်တန်းမှာ သေချာလေ့လာပြီး ကိုယ့်ဒေသ ရောက်လျင် ပြန်လည်မျှဝေပါ၊ စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာ၊ မျိုးစေ့ပေးမယ်၊ တောင်သူများက လက်တွေ့ကြိုးစားဆောင်ရွက်လျှင် အောင်မြင်မည် အစရှိသဖြင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။

ယင်းနောက် လေရှီးမြို့နယ် ဦးစီးမှူးအား ယာ-၈ စပါးမျိုးစေ့၊ ဝဥ၊ ပီလောပီနံနှင့်နန်းယွန်း မြို့နယ်ဦးစီးမှူးအား H-528 ကော်ဖီမျိုးစေ့ကို ဒု-ခရိုင်အုပ်ရေးမှူး ဦးဌေးကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ သင်တန်းတွင် လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ မိုဝိုင်းလွတ်၊ ခန္တီးမြို့နယ်များက စိုက်ပျိုးရေးဝန်ထမ်း ၄၃ ဦးနှင့် ခန္တီး၊ လေရှီးမြို့နယ်မှ တောင်သူ ၁၅ ဦး တက်ရောက်မည်ဖြစ်ပြီး အဆိုပါသင်တန်းကို မတ်လ ၁၂ ရက်ထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စနေမောင်မောင်(ခန္တီး)