လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ  မတ် ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာရေးဆရာဖေမြင့်၏ "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်/ဆက်ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိလာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် အမှား/အမှန်ကို ခွဲခြားတတ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club)အဖွဲ့ဝင် ဒေါ်တင်မော်က "မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား" စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ ဒေါ်ခင်လေးနွယ်က "အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကြားက ပါးလျား သည့်စည်း" ခေါင်းစဉ်နှင့် ဒေါ်အေးခိုင်က "အောင်မြင်ရေးအတွက် သော့ချက်" ခေါင်းစဉ်တို့ကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက စာအုပ်တွင် ပါရှိသော အကြောင်းအရာများအလိုက် အသီးသီး ပြန်လည် ဆွေနွေး ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)